BIOS (Basic Input Output System) သို့မဟုတ် အိပ်ရာနှိုးသူ

BIOS ဆိုတာ့  ... ?
=============

ဒီအကြောင်းလေးကတော့ Computer Hardware နဲ့သက်ဆိုင်ပြီး လူအများစုသတိမပြုမိကြတဲ့အပိုင်းလေးကိုရေးသားပေးခြင်းဖြစ်ပါတယ်။ Operating System စတက်ဖို့ရန်အလွန်အရေးပါတဲ့ Motherboard ပေါ်က ဒီ BIOS လေးအကြောင်းကိုလေ့လာလိုက်ကြရအောင်...

BIOS ဆိုတာ Low-Level Language (အများအားဖြင့် Assembly Language) ဖြင့်ရေးသားထားသော program များစုပေါင်းပါဝင်သည့် Program အစုအဝေးတစ်ခုဖြစ်ပြီး computer ပါဝါစဖွင့်ချိန်မှ Operating System (Windows XP/Vista/7/8.81/10 )စတင်သည့်အချိန်ထိ ကြားကာလအတွင်း Compuer boot တက်ဖို့ရန်လိုအပ်သောလုပ်ငန်းစဉ်များကို BIOS မှတာဝန်ယူလုပ်ဆောင်ပေးပါတယ်။ ၁၉၉၀ခုနှစ်မတိုင်မီကာလများအထိ BIOS program ကို ပြန်ပြင်ရေးသားလို့မရနိုင်သော ROM Chip (Read Only Memory) များထဲမှာ အသေထည့်သွင်းပြီး motherboard ပေါ်မှာတင်ဆပ်အသုံးပြုကြသည့်အတွက် ROM BIOS ဟုခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

ဒီ BIOS program တို့ထည့်သွင်းထားသော ROM Chip များသည် ပါဝါပေးထားဖို့ရန်မလိုတဲ့ non-volatile memory အမျိုးအစားပင်ဖြစ်ပါတယ်။ ဆိုရရင် computer ပါဝါပိတ်ထားသော်လည်း ထည့်သွင်းရေးသားထားသော program များ ၊ instruction များ မူလအတိုင်းဆက်လက်ထိန်းသိမ်းထားနိုင်သော memory အမျိုးအစားဖြစ်ပါတယ်။

ဒီလိုဖြင့် BIOS ဆိုတာ Software လား Hardware လားဆိုတာကို တိတိကျကျခွဲခြားသတ်မှတ်မရနိုင်တဲ့ရှုတ်ထွေးမှုတွေဖြစ်လာပါတယ်။
ပုံမှန်အားဖြင့် Hardware ၊ Software ခွဲခြားမှုအတွက် များစွာခက်ခဲရှုတ်ထွေးမှုမရှိနိုင်ပါဘူး။ ဥပမာ hard disk ဆိုပါတော့။ hard disk သည် hardware ဒါပေမယ့် ၄င်း hard disk ထဲမှာရှိနေတဲ့ အထဲက series of instructions အစုဝေးတစ်ခုကို ကိုယ်စားပြုတဲ့ file တစ်ခုသည် program တစ်ခုဖြစ်ပါတယ်။ ၄င်း program သည် software ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနှင့်က အဲ့လို software file (program) တွေကို အချိန်မရွေးထည့်သွင်းနိုင်ပါတယ်။ ဖျက်ထုတ်နိုင်ကြပါတယ်။ သဘောက hard disk ဆိုတဲ့ hardware နှင့် ၄င်းထဲမှာရှိတဲ့ program ဆိုတဲ့software သီးခြားစီဖြစ်ပါတယ်။

ROM BIOS တို့ကျတော့ hard disk မှာလို software နဲ့ hardware တို့က သီးခြားစီမဟုတ်တော့ပါဘူး။ စက်ရုံမှာထုတ်စဉ်ကတည်းက ROM chip ထဲမှာ program တွေ instruction တွေကိုတစ်သားတည်း ဖြစ်အောင်ထည့်သွင်းထုတ်လုပ်ထားတာ။ သူတို့ကို သီးခြားစီဖြစ်အောင်လွယ်လွယ်ကူကူခွဲထုတ်လို့မရနိုင်တော့ဘူး။

အဲ့ဒီလို hardware ထဲမှာ software အား တစ်သားတည်းဖြစ်အောင် embed လုပ်ကာထည့်သွင်းတည်ဆောက်ထားသည့် ပစ္စည်းများကို FIRMWARE လို့ခေါ်ပါတယ်။ ဒါကြောင့် BIOS သည် Firmware တစ်ခုပင်ဖြစ်ပါတယ်။

BIOS ထဲမှ Program များ…

BIOS ဆိုတာသည် ROM Chip အတွင်း ထည့်သွင်းတည်ဆောက်ထားသော program အစုဝေးတစ်ခုဖြစ်တယ်ဆိုတာကို သိခဲ့ကြပြီးဖြစ်ပါတယ်။ computer ပါဝါစဖွင့်ချိန်မှစပြီး Operating System ကိုဆွဲတင်သည့် အချိန်ထိ ကြားကာလအတွင်း အဲ့ဒီ program ကိုလုပ်ဆောင်မှု function များအရ ခွဲခြားကြည့်မယ်ဆိုရင် လေးမျိုးရှိပါတယ်။

၁. POST (Power On Self Test)

POST သည် processor ၊ memory ၊ chipset ၊ graphic card ၊ hard disk ၊ keyboard အစရှိသော computer အစိတ်အပိုင်းများ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းရှိမရှိကိုစစ်ဆေးပေးသော program ဖြစ်ပါတယ်။

၂. Setup Program

Setup Program သည် menu driven program ဖြစ်ပြီးထို program အတွင်းသို့ဝင်ရောက်ပြီး date/time password ၊ boot order နှင့်အခြား သော setting များကိုလိုသလိုပြောင်းလဲပြင်ဆင်သတ်မှတ်ပေးနိုင်ပါတယ်။ မိမိတို့ပြင်ဆင်သိမ်းဆည်းခဲ့သော setting များကို CMOS RAM ပေါ်တွင်သိမ်းထားပေးပါတယ်။ computer ပါဝငါဖွင့်လိုက်တိုင်း ထို CMOS RAM ထဲက setting ကိုသွားဖတ်ပြီး boot လုပ်ပါတယ်။

၃. Bootstrap Loader

Bootstrap Loader ဆိုတဲ့ program တစ်ခုရဲ့ အဓိကလုပ်ဆောင်မှုကတော့ Operating System ကိုရှာဖွေခြင်းပင်ဖြစ်ပြီး BIOS ရဲ့နောက်ဆုံး လုပ်ဆောင်မှု function ဖြစ်ပါတယ်။ Bootstrap သည် POST program ရဲ့အဆုံးတွင်ရှိသော စာကြောင်းရေဒါဇင်ဝက်ခန့်သာရှိသည့် code များပင်ဖြစ်ပါတယ်။ POST Test သည် သူရဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့အခါ Bootstrap သို့လွှဲပြောင်းပေးလိုက်ပါတယ်။ ပြီးမှ Bootstrap သည် BIOS setup တွင်ထည့်သွင်းညွှန်ကြားထားသော boot order အတိုင်း ( ဥပမာ Hard Disk ၊ CD/DVD ) OS ကိုရှာဖွေပါတယ်။ OS နှင့်သက်ဆိုင်သော information များပါသည့် boot sector ကိုတွေ့တာနဲ့ ကျန်လုပ်ငန်းစဉ်များကို OS အားလွှဲပြောင်းပေးပါတယ်။

၎. Device Driver

BIOS ထဲတွင် computer စတင်သက်ဝင်နိုင်ရန်အတွက်မရှိမဖြစ်လိုအပ်သောအခြေခံအစိတ်အပိုင်းများဖြစ်ကြတဲ့ Hard Disk ၊ keyboard ၊ VGA ၊ USB port တို့ရဲ့ driver များပါဝင်ပါတယ်။ Computer လုပ်ငန်းစဉ်နှင့်သက်ဆိုင်ခြင်းမရှိသော အခြား hardware များဖြစ်ကြတဲ့ printer ၊ scanner ၊ sound card တို့အတွက် driver များကိုတော့ hard disk များအတွင်းမှာထည့်သွင်းထားပြီး computer boot တက်တဲ့အခါမှသာ OS မှဆွဲယူနိုင်အောင်စီမံပေးထားပါတယ်။

BIOS ထုတ်လုပ်သူများ…

AMI (American Megatrends, Inc.)
Compaq and Hewlett-Packard
Dell
eSupport.com
Gateway
IBM
Phoenix Technologies (First BIOS, Phoenix and Award)

 Credit…📝📝📝 Linn Linn

No comments

Powered by Blogger.