Video Editing အခြေခံအကြောင်းအရာများ


 Video Editing အခြေခံအကြောင်းအရာများ 

----------------

ဆောင်းပါးရှင် - ဖြိုးဇံ

ဒီတစ်ပါတ်ရေးပေးမှာကတော့ Video Editing အကြောင်းပါ။ Editing ဆိုတာနဲ့ ဒီမှာ အရင်ပြေးမြင်ကြတာ Software ပါ။ Adobe Premiere တို့ Final Cut တို့ စသဖြင့် ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ Software က ပထမဦးစားပေးအရေးကြီးတဲ့ အရာမဟုတ်ပါ။ Software တွေ နည်းပညာတွေဟာ အမြဲအသစ်သစ်တွေဖြစ်ပြီး ပြောင်းလဲနေမယ့်အရာပါ။ နည်းပညာတွေက အနုပညာကို ပိုမိုကောင်းမွန်စွာပြနိုင်ဖို့အတွက် အထောက်အပံ့တွေပါ။ ဒါ့ကြောင့် ဒီမှာလဲ Software အကြောင်းကို ရေးမှာမဟုတ်ပဲ Editing ဆိုတာ ဘာလဲဆိုတာနဲ့ Video Editing မှာရှိတဲ့ Pattern တွေအကြောင်းကို ရေးမှာဖြစ်ပါတယ်။

Editing ဟာ ဘာလုပ်တဲ့အရာလဲလို့မေးရင် အရှင်းဆုံးပြောရရင် “CUT” လုပ်တာလို့ ပြောလို့ရပါတယ်။ ဖြတ်ထုတ်တာပါ။ ဘာတွေကို ဖြတ်ထုတ်မလဲဆိုရင် ရိုက်လာတဲ့ ရုပ်တွေမှာ မလိုအပ်တာတွေကို ဖြတ်ထုတ်ရပါမယ်။ ရုပ်တစ်ခုနဲ့ တစ်ခုကူးပြောင်းတဲ့အချိန်မှာ ကြည့်ရှုသူ ပရိတ်သတ်က လုံးဝမသိလိုက်ရအောင်ကို ချောမွေ့စွာ ကူးပြောင်းရပါတယ်။


Editing ဟာ အပြင်လက်တွေ့ဘဝမှာရှိနေတဲ့ အချိန်တွေကို ပြန်လည်ပြင်ဆင်မွမ်းမံ Modify ပြန်လုပ်ရတာပါ။ ဒီလိုလုပ်တဲ့အချိန်မှာ အရေးကြီးတာက Smooth & Seamless ဖြစ်ဖို့ပါပဲ။ Shot Size တွေ အမျိုးမျိုးပြောင်းလဲသွားတဲ့အချိန်မှာ ပြောင်းလဲသွားတာကို ကြည့်ရှုသူက သတိမထားမိပဲ သူ့အလိုလို Rhythm ကျကျစီးဆင်းသွားဖို့ လိုပါတယ်။ ဘယ်နေရာမှာ Cut လုပ်ပြီး နောက်ရုပ်တစ်ခုကို ပြောင်းလဲမှာလဲဆိုတာ အရေးကြီးပါတယ်။ ဒီအတွက်ကတော့ Theory တွေထက် ကိုယ်ကိုယ်တိုင် ရုပ်ရှင်များများကြည့်ဖို့နဲ့ Sense ကောင်းဖို့ လိုအပ်ပါတယ်။ Rhythmic Editing အတွက် အရေးကြီးဆုံးလိုအပ်တာကတော့ ကိုယ်ပိုင် Feeling ဖြစ်တယ်လို့ ဖတ်ဖူးခဲ့ပါတယ်။


အခုဆက်ရေးမှာကတော့ Editing လုပ်တဲ့အချိန်မှာ အခြေခံသိထားသင့်တဲ့ အချက်လေးတွေပါ။


Editing ရဲ့ အခြေခံ နံပါတ် 1 ကတော့ Cut ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ တစ်ခါတစ်လေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရိုက်တဲ့အခါမှာ တစ်ချို့ Cut လေးတွေကို အရမ်းသုံးချင်လို့ ခက်ခက်ခဲခဲလဲ ရိုက်ထားရပါတယ်။ ကိုယ်ကိုယ်တိုင် တော်တော်လေးနှစ်သက်တဲ့ Shot တွေဆိုရင် Edit မှာ ပါကိုပါစေချင်တာပါ။ ဒါပေမယ့် Reality မှာတော့ ဘယ်လောက်လှလှ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရိုက်ထားရိုက်ထား Story မှာ Fit မဖြစ်ရင် သုံးလို့မရပါဘူး။ Story အပေါ်မှာ အကျိုးသက်ရောက်မှုရှိမှသာ ရွေးချယ်သုံးစွဲရပါမယ်။ ရိုက်တုန်းက အဆင်ပြေမယ်ထင်တဲ့ တစ်ချို့ဟာက Editing မှာ သုံးမရတာတွေ ရှိပါတယ်။


နံပါတ် 2 ကတော့ Cut တစ်ခုနဲ့တစ်ခုနဲ့ အကူးအပြောင်းမှာ အရေးကြီးဆုံးက New Subject, New View နဲ့ New Size ဖြစ်ဖို့ပါ။ Cut တစ်ခုအသစ်ပြလိုက်တာနဲ့ အကြောင်းအရာအသစ် အမြင်အသစ်နဲ့ မြင်ကွင်းအသစ် ဖြစ်ရပါမယ်။ ဒီဟာကတော့ ရိုက်ကူးစဉ်အချိန်မှာကတည်းက 30 percent rule ဆိုတာ ရှိပါတယ်။ Shot Size တွေ Angle တွေပြောင်းလဲတဲ့အခါမှာ 30 ရာခိုင်နှုန်း အနည်းဆုံးပြောင်းလဲမှု ရှိရပါတယ်။ မဟုတ်ရင် Editing မှာ Shot ပြောင်းသွားတာက မသိသာပဲ Jump ဖြစ်သွားတယ်လို့ ထင်စေပါတယ်။ နောက်တစ်ခုကတော့ သိသိသာသာကြီး ပြောင်းလဲပြသတာမျိုးတွေပါ။ ဥပမာ Extreme Wide Shot ကနေ Extreme Close Up ကို ပြလိုက်တာမျိုးပါ။ ဒါမျိုးဆိုရင်လဲ Editing Rhythm ကို ပျက်စေပါတယ်။ Cut တစ်ခုနဲ့တစ်ခု အကူးအပြောင်းဟာ Smooth ဖြစ်ဖို့ အရေးကြီးပါတယ်။


နံပါတ် 3 ကတော့ အကယ်လို့များ ကိုယ့် Editing မှာ Cut တစ်ခုနဲ့တစ်ခု အကူးအပြောင်းက အကြောင်းကြောင်းကြောင့် Jump ဖြစ်နေပြီဆိုရင် ဖြေရှင်းလို့ရတဲ့နည်း ရှိပါတယ်။ ဘာလုပ်ရမလဲဆိုရင် Cut A Way Shot တွေ Insert Shot တွေကို ထည့်သုံးဖို့ပါ။


နံပါတ် 4 ကတော့ Shot တစ်ခုတစ်ခုရဲ့ Duration ပါ။ ဒီအရာဟာ တော်တော်လေး အရေးကြီးပါတယ်။ Storytelling အတိမ်အနက်ကို အားကောင်းအားပျော့စေမယ့်အထဲမှာ Shot တစ်ခုရဲ့ Duration လဲ အရေးကြီးပါတယ်။ Shot တစ်ခုဟာ ကြည့်ရှုသူအတွက် နားလည်စေနိုင်လောက်တဲ့ အချိန်ရှိရပါမယ်။ ဒါပေမယ့် မလိုအပ်ပဲ အကြာကြီးပြထားစရာလဲ မလိုပါဘူး။ အကြမ်းအားဖြင့်တော့ Close Up တွေ Action Movement တွေမပါတဲ့ Shot တွေဆိုရင် အချိန်တိုတိုပဲ ပြလို့ရပါတယ်။ ဘာလို့လဲပြောရင် ဒီ Shot တွေမှာပါတဲ့ Information က နည်းလို့ပါ။ Long Shot တွေ Wide Shot တွေဆိုရင်တော့ သူ့မှာပါတဲ့ Information က ခဏကြည့်လိုက်တာနဲ့ အပြည့်အဝမမြင်နိုင်တဲ့အတွက် နည်းနည်းပိုကြာကြာပြလို့ ရပါတယ်။ ဒါပေမယ့် ဒီဟာတွေက အကြမ်းထည်သက်သက် စဉ်းစားနည်းတွေပါ။ Shot Duration ဟာ Information ကို Viewer အနေနဲ့ အပြည့်ရနိုင်တာ မရနိုင်တာထက် ပိုပါတယ်။ Shot Duration တွေဟာ Storytelling ရဲ့ Pacing ကို မယိုင်နဲ့သွားအောင် ထိန်းသိမ်းပေးထားပါတယ်။ Emotion အရှိန်မြင့်လာရင် Shot Duration တွေ တိုလာပြီး ပြန်ပြီး ကျသွားတဲ့အချိန်ကြရင် Shot Duration တွေ ရှည်လာတာကို ကျွန်တော်တို့ ရုပ်ရှင်တွေကြည့်တဲ့အခါမှာ သတိထားကြည့်ပြီး တွေ့နိုင်ပါတယ်။ ရှုံးနိမ့်သွားတဲ့အချိန်တို့ အားနည်းမှုကိုပြတဲ့အချိန်မှာ Shot Duration တွေကို ပိုကြာတာကို တွေ့ရပါတယ်။ ကြာကြာမပြပဲ Shot Duration အမြန်ပြရင် ဘာဖြစ်လဲဆိုရင် အားနည်းမှုရှုံးနိမ့်မှုဟာ သိပ်မပြင်းထန် Serious သိပ်မဖြစ်တဲ့ ခံစားချက်ကို ရစေပါတယ်။


နံပါတ် 5 ကတော့ လှုပ်ရှားမှုလေးတွေ ပါနေမယ်ဆိုရင် လှုပ်ရှားမှုအပေါ်မှာ Cut လုပ်တာဟာ ပိုပြီးတော့ အကူးအပြောင်းကို Smooth ဖြစ်စေပါတယ်။ Cutting on Action လို့ခေါ်ပါတယ်။ Viewer တွေအနေနဲ့လဲ Editing ကို သတိမထားမိစေတော့ပါဘူး။ သွားနေတဲ့ Flowing ကို ပိုပြီး အထောက်အပံ့ ဖြစ်စေပါတယ်။


နောက်ဆုံးရေးချင်တာတစ်ခုကတော့ Match Cut ပါ။ Match Cut ဆိုတာကတော့ မတူညီတဲ့ Shot တစ်ခုကနေ နောက်တစ်ခုကို ကူးတဲ့အချိန်မှာ Action အရသော်လည်းကောင်း Subject အရသော်လည်းကောင်း Seamlessly ချိတ်ဆက်တဲ့အခါ သုံးစွဲပါတယ်။ ဒီ Editing နည်းပညာကို သုံးစွဲခဲ့ကြတာ တော်တော်လေးကြာပါပြီ။ Match Cut ကတော့ အကြောင်းအရာအရ ဆက်စပ်မှုမရှိပေမယ့် Visually Connected ဖြစ်တဲ့ Project တွေကို ခေါ်တာပါ။ ဒီ Match Cut ကလဲ နောက်ပိုင်းခေတ်စားလာတဲ့ Editing Style တွေမှာ တော်တော်လေး သုံးလာကြပါပြီ။


ဒီတစ်ပါတ်ဆောင်းပါးကတော့ ဒီလောက်ပါပဲ။ Editing ဆိုတာ Software ပညာရပ်တစ်ခုတည်း မဟုတ်တာကိုသိပြီး သူ့နည်းပညာတွေကို ဆက်လက်လေ့လာသွားနိုင်ပါတယ်။


NetGuide Journal (Every Wednesday)

No comments

Powered by Blogger.