[[[[*******ဘာ Computer သုံးသင့်သလဲ******]]]]


အများစု မေးကြတာ ရှိပါတယ်။ ကျွန်တော် ရုံးလုပ်ငန်းလေး လုပ်ချင်လို့ပါ။ ကျွန်တော် ဂိမ်းဆော့ချင်လို့ပါ။

 ကျွန်မက သီချင်းနားထောင်ရုံပါပဲ ဆိုတဲ့ သူများအတွက် ကိုယ်လုပ်ချင်တဲ့လုပ်ငန်းလည်း အဆင်ပြေအောင်၊ ငွေကုန်ကြေးကျလည်း မများအောင် ဘယ်လိုအမျိုးအစားမျိုးကို ရွေးသင့်တယ်ဆိုတာလေး ပြောပြပါရစေ။

ဒီနေ့ပို့စ်မှာတော့Desktop နဲ့ Laptop တွေရဲ့ အားနည်းချက်၊ အားသာချက်ပေါ်မူတည်ပြီး ကိုယ်လုပ်ချင်တဲ့ အနေအထားကို ဘယ်ဟာရွေးသင့်တယ်ဆိုတာလေး ပြောပြချင်ပါတယ်။

နှစ်ခုစလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိပါတယ်။

တစ်ခုချင်း ကြည့်ရအောင်

Desktop ရဲ့ အားနည်းချက်ကတော့ ကြီးမား လေးလံတာပါပဲ။ ဒါ့ကြောင့် ခရီးတွေ ခဏခဏထွက်ရမယ်၊ တစ်ခါတရံ အိမ်မှာ အလုပ်တွေ ယူလုပ်မယ်ဆိုရင် Desktop နဲ့ လုံးဝ အဆင်မပြေပါဘူး။ သယ်ရ ရွှေ့ရ ခက်ခဲတဲ့အပြင် သူနဲ့ တွဲဖက် အသုံးပြုရမဲ့ Accessory တွေ အရမ်းများလွန်းပါတယ်။ ကီးဘုတ်၊ မောက်စ်၊ ဝက်ဘ်ကမ်၊ စပီကာ စသည်ဖြင့် အမျိုးပေါင်းများစွာသော တွဲဖက်ပစ္စည်းတွေကိုပါ တပ်ဆင်ရပါလိမ့်မယ်။ ဒါ့အပြင် သူ့မှာ ဘက်ထရီ မပါတဲ့အတွက် မီးရုတ်တရက်ပျက်သွားတဲ့အခါ ကိုယ့်လုပ်လက်စ အလုပ်တွေကို အမြန် သိမ်းဆည်းနိုင်ဖို့အတွက် UPS တစ်လုံးလည်း လိုအပ်ပါဦးမယ်။ ဒါ့အပြင် ပါဝါ စားသုံးမှုလည်း များပါတယ်။ ဒါကတော့ Desktop သုံးစွဲရာမှာ တွေ့ရမဲ့ အားနည်းချက် ဖြစ်ပါတယ်။

အဲ.. အားနည်းချက်တွေ အရမ်းများသလို အားသာချက်လည်း များပါတယ်။ ပထမဆုံးတစ်ခုက အပေါ်မှာ ပြောခဲ့တဲ့ Accessory တွေအားလုံးက ဈေးသက်သာပါတယ်။ ဥပမာ ကီးဘုတ် ပျက်သွားတာ၊ မောက်စ် ကြောင်သွားတာ၊ စပီကာ အသံမလာတော့တာ စသည်ဖြင့် အားလုံးကို ချက်ချင်း ဆိုင်သွားစရာ မလိုဘဲ အပျက်ကို အမှိုက်တောင်းထဲ ပစ်ထည့်ပြီး အသစ်ကိုယ့်ဘာသာ လွယ်လွယ်လေး ဝယ်တပ်နိုင်ပါတယ်။ နောက်တစ်ခုက ကိုယ့်စိတ်ကြိုက် ပြုပြင်ပြောင်းလဲ၊ တိုးချဲ့နိုင်ခြင်းပါ။ ထည့်ထားတဲ့ မားသားဘုတ်ကြီးက ဒိတ် အောက်နေလို့ အသစ်လဲချင်တယ်၊ လဲပစ်လိုက်လို့ ရပါတယ်။ စီပီယူ နိမ့်လို့ အမြင့်ကို ပြောင်းတပ်ချင်တယ်၊RAM နိမ့်လို့ အမြင့်ကို ပြောင်းတပ်ချင်တယ်ဆိုရင်လည်း ရပါတယ်( မားသားဘုတ်က လက်ခံနိုင်ဖို့တော့ လိုတာပေါ့)၊ ဂရပ်ဖစ်ကဒ်၊ နက်ဝပ်ခ်ကဒ်၊ အသံကဒ်၊ ဗီဒီယိုကဒ် အစရှိတဲ့ ကဒ်ပေါင်းများစွာကို သူ့မှာ Slot တွေ တပ်ဆင်ထားသလောက် စိုက်နိုင်ပါတယ်။ နောက်တစ်ချက်က Hard Disk လေးငါးခု စိုက်ချင်လည်း စိုက်နိုင်ပါတယ်။ (Port ပါဖို့တော့ လိုတာပေါ့)။ CD/DVD ကြိုက်ရာကို ရွေးချယ်ပြီး တပ်ဆင်နိုင်ပါတယ်။ ခြုံငုံ ပြောရရင် စိတ်ကြိုက် ပြောင်းလဲတိုးချဲ့ တပ်ဆင်နိုင်ပါတယ်။ ပုံစံကြီးက ခေတ်မမီတော့လို့ ဆိုပြီး အထဲက ပစ္စည်းတွေ အကုန် လဲပစ်စရာ မလိုဘဲ စစ္စတမ်ပုံးကြီး လဲလိုက်လို့လည်း ရပါတယ်။ တစ်ခုချင်း နိမ့်နေတာတွေကိုလည်း မြှင့်လို့ လွယ်တယ်။

နောက်ထပ်တစ်ခုက ဒဏ်ခံနိုင်ခြင်းပါ။ ဒဏ်ခံနိုင်ရတဲ့ အကြောင်းရင်းကလည်း အလွယ်တကူ ရေစိုဖို့၊ လွတ်ကျဖို့ အခွင့်အလမ်းက နည်းတာကိုး။ လွတ်ကျဖို့ နေနေသာသာ သူ့ကိုတောင် မနည်း သယ်နေရတဲ့ဟာကို။ အဲဒီအပြင် Casing ပုံးရဲ့ တည်ဆောက်ပုံက ကျယ်ဝန်းတဲ့အတွက် အတွင်းပိုင်း အပူဖလှယ်နိုင်စွမ်း မြင့်မားတာကြောင့် အပူတက်ခြင်းဒဏ်ကို တော်ရုံတန်ရုံ ခံနိုင်ရည်ရှိပါတယ်။ ဒါလည်း ကောင်းတဲ့ တစ်ချက်ပေါ့ဗျာ။

ဒါ့ကြောင့် ကြီးမား လေးလံတဲ့ ဒီ Desktop ကွန်ပျူတာတွေက လက်ပ်တော့ပ်တွေ ပေါ်လာတဲ့ အချိန်မှာ ပျောက်ကွယ်မသွားဘဲ အရောင်းသွက်နေဆဲ ဖြစ်ပါတယ်။

Laptop ကွန်ပျူတာများရဲ့ အားနည်းချက်ကို ပြောရရင်တော့ သိပ်ကြီး အကြမ်းမခံပါဘူး။ လွတ်ကျတာတွေ၊ ထိခိုက်မိတာတွေ၊ ရေဝင်တာတွေ၊ ရေငွေ့ရိုက်တာတွေ စတဲ့ ပြဿနာ ပေါင်းစုံ ရှိတတ်ပါတယ်။ သယ်ယူနိုင်တဲ့ အမျိုးအစား ဖြစ်လို့ ရွေ့လျားမှုများတဲ့ ပစ္စည်းတွေရဲ့ ထုံးစံအတိုင်း အထိအခိုက်တွေ ရံဖန်ရံခါ ရှိတတ် ပါတယ်။ နောက်တစ်ချက်က အလွယ်တကူ အထဲက အစိတ်အပိုင်းတွေ တိုးချဲ့တပ်ဆင်လို့ မရတာပါ။ လုံးလုံးလျားလျားကြီး မရတာလားဆိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထဲက အစိတ်အပိုင်းတွေကို Compact ဖြစ်အောင် သိုသိုသိပ်သိပ် အံကျ ထည့်ထားတဲ့အတွက် သူနဲ့ အံမကိုက်ရင် စပါးလုံးတစ်ထောက်လောက်က လေး အစွန်းထွက်နေတာတောင် ထည့်လို့ မရပါဘူး။ ဒါ့အပြင် ဖြုတ်လဲလို့ပဲ ရပြီး အသစ်တိုးစိုက်စရာနေရာ မရှိပါဘူး။ အားလုံးက Built in တပ်ဆင်ထားတာမို့ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းပြီဆိုတာနဲ့ အိမ်မှာ ပစ္စည်း ပစ္စယ မစုံရင် လုပ်ရကိုင်ရ ခက်ခဲပြီး ဆိုင်ကိုပဲ ပြေးရလေ့ ရှိပါတယ်။ ဥပမာ ကီးဘုတ်ပျက်တယ်ဟေ့ ဆိုပြီး ဝယ်လဲလို့ မလွယ်ပါဘူး။ ဝက်အူရစ်တွေ ကလစ်တွေ အဆင့်ဆင့် ဖြုတ်ပြီးမှ အချပ်လိုက် လဲထုတ်ရတာပါ။ မော်နီတာ ကွဲသွားလို့ ဆိုပြီး အလွယ်တကူ ဝယ်လဲလို့ မရပါဘူး။ သူနဲ့ အမျိုးအစားတူ၊ Resolution တူညီတဲ့LCD ကို ရှာပြီး ထည့်ရတာပါ။ ဒီလိုလေးတွေတော့ ရှိပါတယ်။ နောက်တစ်ခုက အပူတက်ဖို့ ပိုများတယ်။ သူ့ အထဲက အစိတ်အပိုင်းလေးတွေကို ပူးပူးကပ်ကပ်ကလေး ကြပ်ကြပ်သိပ်သိပ် တည်ဆောက်ထားပါတယ်။ ဒါ့ကြောင့် လေဝင်လေထွက်ကောင်းမွန်ဖို့ အင်မတန် လိုအပ်ပါတယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေကြည့်ပေါ့ဗျာ၊ ခန်းမအကျယ်ကြီးထဲမှာ နေရတာနဲ့ ဘယ်လိုကွာသလဲဆိုတာ သိမှာပါ။

အားသာချက်တွေ ကြည့်ပြန်ရင်လည်း ကောင်းတဲ့အချက်တွေက အများကြီးပါ။ ပေါ့ပေါ့ပါးပါး သယ်လို့ လွယ်တယ်၊ ဒီဇိုင်းက သပ်ရပ်တယ်၊ မီးမလာလဲ အနည်းဆုံး နှစ်နာရီ သုံးနာရီလောက် ဘက်ထရီနဲ့ သုံးလို့ ရတယ်၊ ဘာတစ်ခုမှ အပိုဆာဒါး ဝယ်တပ်စရာမလိုဘဲ သူ့မှာ အကုန်အစုံအလင် ပါပြီးသားပါ။

အင်း အဓိက ယှဉ်ကြည့်ရင်တော့ အမျိုးအစားတူ၊ အရည်အသွေးတူရင် လက်ပ်တော့တွေက ဈေးကြီးပြီး Desktop တွေကတော့ ဈေးနည်းနည်း ချိုတယ်ပေါ့ဗျာ။ ပစ္စည်းဝယ်ပါတယ်ဆိုမှတော့ ဈေးချိုချိုလေးဆို ပိုသဘောကျတတ်တာလည်း ရှိတာကိုး။ အချို့ကလည်း ဈေးကြီးချင်ကြီး ကောင်းရင်ပြီးရော ဆိုတဲ့သူလည်း ရှိမှာပေါ့။

အဲဒါကြောင့် လက်ပ်တော့ပ်ဝယ်ရင်ကောင်းမလား၊ Desktop ဝယ်ဆင်ရင်ကောင်းမလား စဉ်းစားနေသူများအတွက် အကြံပြုချင်တာက ဟိုသယ်ဒီသယ်လုပ်ချင်ရင် Laptop ဝယ်ပါ၊ တစ်နေရာမှာ အထိုင်သုံးမယ်ဆိုရင်Desktop ဝယ်ပါ (ဖလူးမဂျီး နင်ပြောမှလား လို့ အပြစ်တင် မစောပါနဲ့အုံး)

တစ်နေရာမှာပဲ အတည်တစ်ကျသုံးချင်တယ် ဈေးချိုချိုလေး သုံးချင်တယ်ဆိုရင် Desktop ဝယ်ပါ၊ သယ်လို့ ပြောင်းလို့ လွယ်ချင်တယ် ဈေးကြီးချင် ကြီးပါစေ ဆိုရင် Laptop ဝယ်ပါ။ (ဒါလည်း သိပ်စဉ်းစားစရာ မလိုလောက်ပါဘူး)

ကိုယ့်စိတ်ကြိုက် ပြောင်းလဲတပ်ဆင်ချင်တယ်၊ အမြင့်ဆုံးတွေ ပေါ်တိုင်း ခဏခဏ ပြောင်းလဲသုံးစွဲချင်တယ် ဆိုရင် Desktop ဝယ်ပါ၊ တစ်ခါဝယ်ထားပြီးရင် ထပ်ပြီး ဘာမှ ထပ်မတိုးချင်တော့ဘူး စိတ်အေးလက်အေး သုံးချင်တယ် ဆိုရင် Laptop ဝယ်ပါ။ တစ်ခုတော့ ရှိတယ်၊ နောက်ပိုင်း လက်ရှိ လက်ပ်တော့ပ်ထဲက ပစ္စည်းတွေက ဒိတ်အောက်ကုန်လို့ နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေ မသုံးနိုင်တော့ပါဘူး ဆိုရင်တော့ ဖြုတ်လဲလို့ မရပါဘူး။ အဟောင်းဈေးနဲ့ ရောင်းချင်ရောင်း၊ အိမ်က ကလေး သုံးဖို့ ပေးချင် ပေးပစ်လို့ပဲ ရမှာ ဖြစ်ပြီး အသစ် ထပ်ဝယ်ရမှာပါ။

ဒါပေမဲ့ အများစု သိချင်တာက ကိုယ်သုံးမဲ့ အလုပ်တွေပေါ်လိုက်ပြီး Pentium4, Core2Duo, i3, i5, i7, i9 စသည်ဖြင့်၊ RAM ဘယ်လောက် စသည်ဖြင့် ရွေးဖို့ကို သိချင်ကြတာပါ။ နောက်နေ့မှာ အဲဒီအကြောင်း တင်ပေးပါ့မယ်။

Credit……..Original Uploader

No comments

Powered by Blogger.